Saturday, December 27, 2008

ရင်ခုန်ခြင်း၏ နောက်ကွယ်

ဆန္ဒတစ်ခု၏ အတွင်းဒဏ်ရာဟာ
ကျားနာတစ်ကောင်ထက်ပိုပြီးကြောက်ဖို့
ကောင်းတယ်ထင်ပါရဲ့လေ...
ရင်ထဲက မရှင်းနိုင်တော့တဲ့
အရှုပ်ထုတ်တွေကို တွေးနေရင်းနဲ့ပဲ
ကိုယ်မင်းကို သတိရလိုက်တယ်
မင်းလေးပျော်ရွှင်ပါစေကွာ
ဆုတောင်းရင်းနဲ့ ကြယ်တွေကြွေကျခဲ့တဲ့
ကောင်းကင်အောက်က မြေပြင်တစ်နေရာမှာ
ကိုယ့်ဆုတောင်းရင်း အခုတော့ အဝေးဆီက
ချစ်သူလေးကို လွမ်းသလိုလိုဖြစ်လာခဲ့တယ်
မြစ်ချောင်းများ၏ အလှအပဟာ
စပါးကြီးမြွေတစ်ကောင်လို
ကိုယ့်ရဲ့စိတ်တွေကို မင်းလေး
ညို့ယူနိုင်စွမ်းလွန်တယ် ချစ်သူလေးရယ်
အခုတော့ ကိုယ့်တစ်ဦးတည်း
အခန်းကျဉ်းလေးထဲမှာ
အရူးတစ်ယောက်လို ကဗျာတွေရေးရင်း
မင်းကိုအခုထိ လွမ်းနေတုန်းပဲ လမင်းလေးရေ...

အဝေးကချစ်သူသို့



ဒီဇင်ဘာရဲ့ ဆောင်းလေပြေလေးတွေက
အရမ်းကို အေးစိမ့်နေပေ့မယ်
မင်းလေးရဲ့ အပြုံးလေးများလို
ကိုယ့်ကို မအေးမြစေခဲ့တာအမှန်ပါ.....
ချစ်သူရေ....
မြောက်ပြန်လေပြေလေညင်းလေးများက
အေးမြခြင်းဆိုတဲ့သဘောကို ဆောင်ယူခဲ့ကြပေ့မယ်
မင်းလေးရဲ့ စာနာမှုအပြည့် မျက်ဝန်းလေးများလို
ကိုယ့်ရဲ့ ရင်ခွင်ကို နားလည်မှုမပေးနိုင်ခဲ့တာ ကြာခဲ့ပေါ့
ချစ်သူရေ ...
ဆောင်းရာသီရဲ့လပြည့်ညများဟာ
သာမန်ဆောင်းညများထက် ပိုအေးစေသလို
မင်းလေးကိုချစ်တဲ့ ချစ်ခြင်းမေတ္တာများဟာ
အရင်ကထက်ပိုပြီး ကြီးထွားနေတယ်ဆိုတာ
အဝေးရောက်ချစ်သူလေးရေ ...

Saturday, December 6, 2008

ခရီးသွားများ


အချိန်တွေကုန်တာမြန်လိုက်တာလို့
မပြောချင်ပါဘူးလေ..
ဒါတွေကိုလိုက်ကြည့်နေရင်း
မပြီးဆုံတော့မယ့် ဒီသံသရာဆိုတာ
ဒုက္ခကို လက်ဆင့်ကမ်းပြေးနေကြသလိုတဲ့
ရှင်တော်ဗုဒ္ဓက ဟောကြားခဲ့တာ
လွန်ခဲ့သော အတိတ်ကာလကပေါ့...
ဒီသံသရာဆိုတဲ့ ၀ဲဂယက်ကြီးထဲက
လွတ်မြောက်ဖို့ ကြိုးစားကြရင်း
ပိုမိုနစ်သွားကြတဲ့ လူတွေလဲ
ရာထောင်သိန်းသန်း မကတော့ဘူး
ကျွန်တော်ကော ဘယ်ဘ၀ကလာလို့
ဘယ်ကို သွားရမလဲတဲ့ တေးရေးစိုင်းခမ်းလိတ်က
စိုင်းထီးဆိုင်သီဆိုဖို့ “ဧည့်သည်”တဲ့...
ကျွန်တော်နားလည်ထားတဲ့ လူ့ဘ၀ဆိုတာ
ခရီးတစ်ထောင့် အနားယူကြတဲ့နေရာလို့ပါ။
အနားယူပြီးရင် ဆက်လက်ထွက်ခွာသွားရမှာလို့လည်း
မှတ်ယူထားတယ်...
တစ်ကယ်တော့ ကျွန်တော်လည်း ခရီးသွားတစ်ယောက်ပါပဲ
ကျွန်တော်နည်းတူ အားလုံးသော ကမ္ဘာပေါ်မှာရှိတဲ့လူတွေအားလုံး
ခရီးသွားတွေပါပဲ...