အချိန်တွေကုန်တာမြန်လိုက်တာလို့
မပြောချင်ပါဘူးလေ..
ဒါတွေကိုလိုက်ကြည့်နေရင်း
မပြီးဆုံတော့မယ့် ဒီသံသရာဆိုတာ
ဒုက္ခကို လက်ဆင့်ကမ်းပြေးနေကြသလိုတဲ့
ရှင်တော်ဗုဒ္ဓက ဟောကြားခဲ့တာ
လွန်ခဲ့သော အတိတ်ကာလကပေါ့...
ဒီသံသရာဆိုတဲ့ ၀ဲဂယက်ကြီးထဲက
လွတ်မြောက်ဖို့ ကြိုးစားကြရင်း
ပိုမိုနစ်သွားကြတဲ့ လူတွေလဲ
ရာထောင်သိန်းသန်း မကတော့ဘူး
ကျွန်တော်ကော ဘယ်ဘ၀ကလာလို့
ဘယ်ကို သွားရမလဲတဲ့ တေးရေးစိုင်းခမ်းလိတ်က
စိုင်းထီးဆိုင်သီဆိုဖို့ “ဧည့်သည်”တဲ့...
ကျွန်တော်နားလည်ထားတဲ့ လူ့ဘ၀ဆိုတာ
ခရီးတစ်ထောင့် အနားယူကြတဲ့နေရာလို့ပါ။
အနားယူပြီးရင် ဆက်လက်ထွက်ခွာသွားရမှာလို့လည်း
မှတ်ယူထားတယ်...
တစ်ကယ်တော့ ကျွန်တော်လည်း ခရီးသွားတစ်ယောက်ပါပဲ
ကျွန်တော်နည်းတူ အားလုံးသော ကမ္ဘာပေါ်မှာရှိတဲ့လူတွေအားလုံး
ခရီးသွားတွေပါပဲ...
No comments:
Post a Comment